ပြည်တော်နိဗ္ဗာန်ဦးမဂ္ဂံပြည်တော်ဦးက မဂ်ရှစ်တန်ရွှေပြည်နိဗ္ဗာန်ဆိုက်ရောက်ရန်ပြည်တော်ဦးတဲ့ မဂ်လမ်းမှန်ရွှေပြည်တော်နိဗ္ဗာန်နန်းကိုလမှန်းဆမျှော်မြင်ဦးအစ မဂ်ရှစ်အင်ပြည်တော်ဦးမဂ်လမ်းစဉ်ကိုရွှေဘုန်းရှင် တွင်တွင်ပွားကြပါစို့လေး...။ သာသနာပြု ကုသိုလ် ~ pyidawoo

Pages

Sunday, July 25, 2010

သာသနာပြု ကုသိုလ်

သာသနာပြုကုသိုလ် သာသနာတော်ဟူသော စကားလုံးသည် ပါဠိမှ ဆင်းသက်လာသော မြန်မာစကားလုံးဖြစ်သဖြင့် ထေရ၀ါဒ ကျင့်သုံးသော နိုင်ငံတိုင်းနှင့်သက်ဆိုင်သည့် အသုံးအနုံး တစ်ခု ဖြစ်ပါသည်။ ယနေ့ခေတ်တွင်မူ သာသနာဟူသောစကားလုံးကို အတုလိုက်ကာ ဘာသာခြားတို့ကလည်း သုံးစွဲနေကြပါပြီ။

အာဇာနည်ဟူသော စကားလုံးကို ခေါင်းဆောင်ကောင်းတို့အတွက် ရည်ရွယ်ပြီးအများစုက သုံးစွဲကြပါသည်။ လူ့လောကတွင် စစ်သားအာဇာနည်များရှိသကဲ့သို့ရဟန်းတော်လောကတွင်လည်း သာသနာ့အာဇာနည်များရှိပေသည်။ ပါဠိလိုအားဖြင့်ယောဓာဇီဝ( စစ်သားကောင်း) ဟုခေါ်ဆိုပါသည်။ အင်္ဂုတ္တရနိကာယတွင် ယောဓာဇီဝနှစ်သုတ်ရှိပါသည်။ ထိုသုတ်နှစ်ခုအလိုအရ အာဇာနည်ဖြစ်ရန်မှာ မိမိ၏ပင်ကိုယ်အရည်အသွေး ရှိရန် လိုပေသည်။ ပင်ကိုယ်အရည်အသွေးရှိသူသည်သာ အာဇာနည်အစစ်ဖြစ်ပါသည်။ အာဇာနည်ဖြစ်ရန် လွယ်ကူသည်မဟုတ်ပေ။အစမ်းသပ်ခံနိုင်ရပြီး ထိုအစမ်းသပ်ခံစာမေးပွဲကို အောင်ပါမှအောင်ရုံမျှတွင်မဟုတ် ဆက်လက် ထိန်းသိမ်းထားနိုင်မှသာလျှင် အာဇာနည် ဖြစ်နိုင်ပေမည်။ သာသနာ့အာဇာနည် ရဟန်းတော်များသည် ကမ္ဘာတစ်ဝန်းတွင်ရှိနေပါသည်၊ အရေအတွက်အားဖြင့် နည်းလှပါသည်။ ပတ္တမြားရတနာကို တောတောင်ဟူသမျှဖွေရှာပါက မတွေ့နိုင်သကဲ့သို့ ဖြစ်ပါသည်။ သာသနာ့အာဇာနည်တစ်ပါးဖြစ်စေရန် အတွင်းရန်နှင့် အပြင်ရန်နှစ်မျိုးစလုံးနှင့်ဖြစ်သော စစ်ပွဲကိုအောင်မြင်နိုင်သူ ဖြစ်ရပါမည်။ အတွင်းရန်ကိုနိုင်ရန် အကောင်းဆုံးလက်နက်မှာကုသိုလ်စိတ်များစွာ ဖြစ်နေခြင်း လက်နက်ပင် ဖြစ်ပေမည်။ အပြင်ရန်သူ အတွက်မူလက်နက်များစွာလိုပေသည်။ နိုင်ငံခြားတွင်ဖြစ်ပါက သာသနာပြုရာတွင် အရေကြီးဆုံးဖြစ်သည့် မိမိဘာသာအယူဝါဒအပေါ် စာတွေ့လက်တွေ့ နှစ်မျိုးစလုံးဖြင့် ပိုင်ပိုင်နိုင်နိုင်တတ်ကြွမ်းရန်လိုခြင်းပင်ဖြစ်ပေသည်။ အရေးကြီးဆုံးတွင် တစ်ခုဖြစ်သော ကြားနာကြသူများ အတွက် လိုအပ်သော ဘာသာစကားကို သိနားလည်ခြင်းဖြစ်ပါသည်။ အထပ်ပါအရည်အချင်းနှစ်ရပ်တွင် စကားပြောခြင်း အတတ်ကိုပါ ဖြည့်စွက်ပေးရပေမည်။ စကားပြောခြင်း အတတ်ကိုမတတ်ပါက အရေးကြီး ဆုံးသောအရည်အချင်းနှစ်ခု ရှိစေဦးတော့ အထမြောက်နိုင်မည် မဟုတ်ပေ။ စာရေးသူသည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့တော်ဖြစ်သောတောင်ပိုင်း အစွန်းတွင်ရှိသည့် ပင်လယ်ဆိပ်ကမ်းရှိသောဘူဆန်မြို့သို့ တတိယအခေါက်ရောက်ရှိခဲ့ပါသည်။ ပထမနှင့် ဒုတိယ အခေါက် များတွင် ဧည်သည်ပို့ခရီးဖြစ်ခဲ့ပါသည်။ အမေရိကမှ မြန်မာမိတ်ဆွေရဟန်းတော်နှင့် ပထမအကြိမ်၊စင်ကာပူမှ မိတ်ဆွေရဟန်းတော်နှင့် ဒုတိယအကြိမ် ဘူဆန်မြို့သို့လည်ပတ်ဖြစ်ခဲ့ပြီး နှစ်ကြိမ်လုံးတွင် ဘာသာရေးအတွက် မဆောင်ရွက်ဖြစ်ခဲ့ပါ။တတိယအကြိမ် ခရီးစဉ်တွင်မူ ဘာသာရေး ဆောင်ရွက်ရန် အတွက်ဖြစ်ပါသည်။ ပြည်တော်ဦးကျောင်းဆရာတော် အရှင်ပဏ္ဍိစ္စ၏ ၀ါဆိုပွဲတော်ပင့် လျောက်ချက်အရကြွခဲ့ခြင်းဖြစ်ပါသည်။ အရှင်ပဏ္ဍိစ္စမထေရ်သည် စာရေးသူနှင့်မြန်ရဟန်းတော်တစ်ပါးကို မျှသာမဟုတ် ဆိုးလ်မြို့မှ ကိုရီးယားထေရ၀ါဒ ရဟန်းတော် တစ်ပါးကိုပါ ပင့်ဖိတ်ခဲ့သဖြင့် စုစုပေါင်းသုံးပါးကိုပင့်ဖိတ်ခဲ့ပါသည်။ ဆိုးလ်နှင့် ဘူဆန်မြို့သည် ကေတီအိက်(စ်)ခေါ်သည့် တစ်နာရီလျှင် မိုင်နှစ်ရာကျော်ရထားကို သုံးနာရီခန့်မျှစီးပြီးရောက်နိုင်သည့် ခရီးဖြစ်ပါသဖြင့် မနီးလှသည့်ပြင် အကုန်အကျ စရိတ်မှာလည်းမနည်းလှပါ။ ပြည်တော်ဦးကျောင်းဟု အမည်ပေးထားသည်မှာ နိဗ္ဗာန်သို့သွားရန် ခရီးလမ်းကြောင်းဟု ကျောင်းထိုင် ဆရာတော်က စာရေးသူကို ရှင်းပြပါသည်။ သူရှင်းပြသည့်အတိုင်းပင် ကျောင်းခန်းတွင်းရှိ သင်ပုန်းအဖြူ(၀ှိုက်ဘော့ဒ်) တွင်လည်း အတွေးမြင့်မှ ဘ၀မြင့်မည် စသဖြင့် မှတ်သားစရာကောင်းများကို တိုတိုနှင့် လိုရင်းကို ရေးသားထားပါသည်။ စာရေးသူတို့သည် ပြည်တော်ဦးကျောင်းတွင် နာရီနှစ်ဆယ်ခန့်မျှတည်းခိုခဲ့ပါသည်။ ကျောင်းဟုဆိုသော်လည်း ဆမ်မစ်ပါ့(ခ်)ဗျူးခေါ်သည့် ပင်လယ်ကမ်းခြေရှိ အပါ့(ထ်)မင့် ဈေးကြီးသော လူနေအိမ်ယာတိုက်ခန်း အမှတ်(၂၁၃) ဒုတိယအလွှာကို ကျောင်းအဖြစ် သတ်မှတ်ထားခြင်းမျှသာ ဖြစ်ပါသည်။ ပြည်တော်ဦး ကျောင်း ဆရာတော်နှင့် ပညာသင် ကျောင်းသားကျောင်းသူ ငါးဦးတို့နေကြပါသည်။ ထိုကျောင်း၏ သက်တမ်းမှာလည်း တစ်နှစ်မျှပင် မပြည့်တတ်သေးဟုသိရပါသည်။ ဘူဆန်တွင်ရှိသည့် တစ်ကျောင်း တည်းသော မြန်မာကျောင်း ဖြစ်ပါသည်။စာရေးသူတို့သည် ပြည်တော်ဦးကျောင်းသို့ (၂၀၁၀ခုနှစ် ဇူလိုင်လ၊ ၁၁၇က်)စနေနေ့ညနေ (၆)နာ၇ီတွင် ရောက်ခဲ့ပါသည်။ နေရာထိုင်ခင်းပေးပြီးနောက်ပစ္စည်းများကို အခန်းတွင် စနစ်တကျ ထားခဲ့ပြီး စာရေးသူတို့နှစ်ပါးသည် ပင်လယ်ဆိပ်ကမ်းသို့ ပညာသင်ကျောင်းသားမောင်ပုညနှင့် အတူ လမ်းလျောက် ထွက်ခဲ့ပါသည်။ ညပိုင်း(၁၁) နာရီမှပင်ပြည်တော်ဦးဆရာတော်နှင့် စကားလက်ဆုံ ကြခဲ့ပါသည်။ ဆရာတော်သည် ကျောင်း၏အနီးတွင်ရှိသော စစ်တပ်ဓမ္မာရုံတွင် စနေနေ့တိုင်း၌ တရားဟော၊တရားထိုင် နှစ်မျိးကို နှစ်ရာရီကျော် ဆောင်ရွက်သည့် ကိစ္စရှိနေသဖြင့်ညပိုင်းမှ စကားပြောခွင့်ကြုံပါသည်။ ဆရာတော်သည် စာရေးသူထက်ငါးဝါခန့် ငယ်ပြီး ၀ါနှစ်ဆယ်ရှိနေသည့် မထေရ်တစ်ပါးဖြစ်ပါသည်။ နံနက်တစ်နာရီကျော်မှ စကားပြောခြင်းကိုရပ်ခဲ့ရပါသည်။ စကားပြောသည်ဆိုခြင်းထက် တရားနှင့်စပ်၊ ပညာရေးနှင့်စပ်သည့် အကြောင်းအရာသန့်သန့်များကို ပြောဆိုဖြစ်ခဲ့ပါသည်။ ညပိုင်းတွင် တရားဟော၊ တရားပြ၊ စာရေးသူတို့နှင့် တရားအကြောင်းများကို ဆွေးနွေးဖြစ်ခဲ့သော ပြည်တော်ဦး ဆရာတော်သည် နောက်တစ်နေ့ မိုးလင်းပိုင်း(၅) နာရီကို တပည့်ကျောင်းသား၊ ကျောင်းသူ တို့နှင့်အတူ ဘုရားဝတ်ပြုခြင်းဖြင့် မင်္ဂလာဖြစ်စေခဲ့ပါသည်။ ဧည့်သည်ရဟန်းနှစ်ပါးနှင့် ဧည့်သည့် အမျိုးသမီး တစ်ဦးတို့သည် ထိုမင်္ဂလာ ဖြစ်စေသည့် ဘုရားဝတ်ပြုပွဲကိုအသံကြားမှ တိုးတိုးသာလျှင် သာဓုခေါ်ခဲ့ရပေသည်။ အရုဏ်ဆွမ်း နှင့် နေ့ဆွမ်းကို မြန်မာပြည်မှ ကိုရီးယားနိုင်ငံသို့ စီးပွါးရှာအလုပ်အကိုင် ဆောင်ရွက် နေကြသော မြန်မာပြည်သား စေတနာရှင်တစ်စုတို့က စုပေါင်းကောင်းမှုကို ဆောင်ရွက်ကြပါသည်၊ ယောင်္ကျားလေးများ ဖြစ်ကြသော်လည်း တတ်စွမ်းသမျှချက်ပြူတ် ဆောင်ရွက်ကြပါသည်။ စေတနာ ကောင်းကြသဖြင့် ချက်ပြုတ်သည့် လက်ရာမှာလည်း အများအားဖြင့် ကောင်းသွားတတ်ကြပါသည်။ အရုဏ်ဆွမ်းကို ပြည်တော်ဦးကျောင်းတွင် သံဃာသုံးပါး ဘုဉ်းပေးခဲ့ကြပြီး ဗုဒ္ဓဘာသာ အသင်းတိုက်၏ ခုနှစ်ထပ်မြောက်တွင်နေ့ဆွမ်းကို ဆက်ကပ်ခဲ့ပါသည်။ ဗောဓိဆုဆရာတော်အပါဝင် နေ့ဆွမ်းကို လေးပါးဘုဉ်းပေးခဲ့ပါသည်။ ယင်း အသင်းတိုက် နေရာသည် ပြည်တော်ဦးကျောင်းမှ တက္ကစီစီးပါက ကိုရီးယားငွေ ရှစ်ထောင် ဒေါ်လာခုနှစ်ခန့်ပေးရပြီး နာရီဝက် နီးပါး စီးရပါသည်။နံနက်ပိုင်းတွင် ပြည်တော်ဦးဆရာတော်၏ ကိုရီးယားလူမျိုး ဗုဒ္ဓဘာသာဝင်မိသားစုများသည် ကျောင်းသို့ရောက်လာခဲ့ပြီး ကျောင်းတွင် နှစ်နာရီကျော်မျှ အနားယူကြပြီးလျှင် နေ့ဆွမ်းကပ်ပြီး အခန်း အနားဆောင်၇ွက်မည့်နေရာသို့ စာရေးသူတို့နှင့် အချိန်တူ ကားနှစ်စီးဖြင့် သွားခဲ့ကြပါသည်။ ဗုဒ္ဓဘာသာဝင် မိသားစုများတွင် နှစ်ဦးက ဘူဆန်မှဖြစ်ပြီး ကျန်သုံးဦးက ဆိုးလ်မြို့တော်မှ ဖြစ်သည်ဟု သိရပါသည်။ သူတို့၏ ၀တ်ပြုပုံမှာ မြန်မာများ၏၀တ်ပြုပုံနှင့် အတူတူပင်ဖြစ်ပါသည်။ ကိုရီးယားလူမျိုးများသည် မတ်တပ်ရပ်ဝတ်ပြုလေ့ ရှိပါသည်။ ယခုတွေ့ရသော ကိုရီးယားများမှာမူ မြန်မာစတိုင်(လ်)ဖြစ်နေပေပြီ။ ထိုကိုရီးယာနိုင်ငံမှ မိသားစုများသည် ပြည်တော်ဦးဆရာတော်နှင့် ဆရာဒကာဖြစ်ကြရသဖြင့် ဗုဒ္ဓသာသနာ တော်အပေါ်တွင် ကျေးဇူးများနေကြပြီဖြစ်ပါသည်။ ကျေးဇူးများပုံမှာ ၀ိပဿနာတရားကို မဟာစည်နည်းဖြင့် အားထုတ်ဖြစ်ကြခြင်း၊ ကျောင်းအတွက် ကူညီဆောင်ရွက်ပေးခြင်း၊ မြန်မာနိုင်ငံရှိ အထင်ရှားဆုံးမန္တလေးမြို့ မစိုရိမ်တိုက်သစ် စာသင်တိုက်နှင့် ရန်ကုန်မြို့ပြည်တော်ဦးကျောင်း (ကျိုက္ကစံဘုရားအနီး)နှင့် ဒဂုံမြို့သစ်အရှေ့ပိုင်းရိပ်သာတို့တွင် ကျောင်းဆောက်လှူဒါန်းခြင်း စသည့်သဗ္ဗဒဒဟု ပါဠိတွင်ခေါ်သည့် အလုံးစုံသော အလှူများကို ပေးလှူသူများဖြစ်သဖြင့်သာသနာတော် ပေါ်တွင် ကျေးဇူးများသူများဟု ဆိုလိုက်ခြင်းဖြစ်ပါသည်။ သာသနာတော်နှင့်လည်းတွေ့ကြုံရ၊ ကျေးဇူးများသော စာသင်တိုက်ကြီးတွင်လည်း ကျောင်းအစ်မဖြစ်ကြရခြင်းထက် မည်သည့်အရာများကများ ကျေးဇူးပိုများပါဦးမည်နည်း။ သူတို့တစ်တွေသည် မဟာယာနကိုးကွယ်သည့် နိုင်ငံမှ ထေရ၀ါဒကိုးကွယ်သည့် မိသားစု များလည်း ဖြစ်ကြပေသည်။ ထေရ၀ါဒ နိုင်ငံမှ ဗုဒ္ဓဘာသာဝင်များပင် ကျောင်းဒကာဖြစ်သည့် အခွင့်အရေး မရကြသူက များပေသည်။ ကံကောင်းသော ဗုဒ္ဓဘာသာဝင် ကိုရီးယားမိသားစုများ ဖြစ်ကြပေသည်။ ကိုရီးယားတွင် ပြည်တော်ဦးဆရာတော် သာသနာ ပြုနိုင်သည်မှာလည်း ထိုမိသားစု၏ကိုးကွယ်မှုနှင့် မြန်မာပြည်မှ နိုင်ငံရပ်ခြားတွင် စီးပွါးရှာနေကြသည့် အလုပ်သမားများ၏ ညီညီညွတ်ညွတ် ဆောင်ရွက်မှုကြောင့် ဖြစ်ပေသည်။ ကိုရီးယားနှင့် မြန်မာကိုးကွယ်သူများ စိတ်တူညီညာစွာ ဆောင်ရွက်နိုင်ခြင်းမှာ အတ္တကို ပါးလွှားအောင်ပြုပြီး အနတ္တ၀ါဒကို လိုက်နာနိုင်သောကြောင့် ဖြစ်ပေသည်။ သို့မဟုတ်ပါက အမြင်မတူသောလူများသည် တူညီမှုကို ဦးစားပေးသော ဘုရား သာသနာတော်ကို အတ္တစွဲကင်းကင်း ကြည်ညိုဆောင်ရွက် နိုင်ရန် မလွယ်ကူပေ။ ဆရာဒကာသည် ရေပြင်အသားကို ဓားနှင့်ခွဲခြားသော်လည်း ရေပြင်သည် ပြန်ပြီးပေါင်းစည်း သကဲ့သို့ ချစ်ခင်ကြည်ညိုသော မျက်စိဖြင့် ရှုမြင်ကြပြီး သာသနာတော်အတွက် အတ္တကိုခ၀ါချ ဆောင်ရွက်ကြပါမူ သာသနာပြု ကုသိုလ်များများကို ရကြပေမည်။ ယနေ့တွင် ပြည်တော်ဦးဆရာတော်နှင့် ဒကာဒကာမတို့သည် ထိုကဲ့သို့ဖြစ်နေကြပါသည် မနက်ဖြန် သဘက်မှသည် သာသနာတော် တည်နေသမျှ ကြည်ညိုနိုင်ကြပါမူ ကောင်းလေစွဟု စာရေးသူက ဆန္ဒမွန်ဖြစ်မိပါသည်။ နေ့ဆွမ်းဆက်ကပ်ပြီးလျှင် နှစ်နှာရီခန့်မျှ သံဃာတော်များအတွက်သီးသန့်ခန်းတွင် သီတင်းသုံးခဲ့ရပါသည်။ ထိုနှစ်နာရီတွင်လည်း ဧည့်သည်များ လာရောက် နုတ်ဆက်ခြင်း၊ တစ်ချို့ဧည့်သည်များမှ ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် မထင်မှတ်ထားသော အကျင့်ပိုင်းဆိုင်ရာ မေးခွန်းများကို မေးမြန်းခြင်းများအတွက် ပြည်တော်ဦးဆရာတော်က ဖြေဆိုခဲ့ပြီး စာရေးသူအားလည်းဖြေဆိုပေးရန် တိုက်တွန်းခဲ့ပါသည်။ မေးခွန်းမေးသူတစ်ဦး၏ မေးကို စာရေးသူဖြေဆိုပေးခဲ့ပါသည်။ မေးခွန်းမေးသည်မှာ မူအရ ကောင်းပါ၏။ သို့သော်အချိန်ပေးနိုင်ပါမှ ကောင်းပါသည်။ မေးခွန်းမေးသည့် နေရာဋ္ဌာနမှာလည်း အဆင်ပြေရန်လိုပေသည်။ အထူးသဖြင့် မေးခွန်း မေးသူသည် ကိုယ်မေးသောမေးခွန်းကို ရှင်းလင်းစွာ မေးတတ်ရပေမည်။ ကိုယ်မသိတာကို သိသယောင် တတ်ယောင်ဝါး မလုပ်ရပေ။ မေးခွန်းတိုင်းတွင် အဖြေမရှိပါ။ တစ်ချို့မေးခွန်းသည် ဖြေစရာမလိုပါ။ ဥပမာ သံသရာ ဘယ်ကစသနည်း စသည့်မေးခွန်းသည် အဖြေမရှိပါ။ ဥပမာစိတ်သည် မျက်စိတစ်မှိတ်အတွင်း အကြိမ်ပေါင်းများစွာ ဖြစ်ပျက်နေသည် အကြိမ်ပေါင်းကို ရေတွက်ပြပါ။ သည်မေးခွန်းမျိုးသည် ဖြေစရာမလိုပါ။ တရားကျင့်ကြံမှု အရျိန်မရသေးခင် ဗဟုသုတရစေရန် ဖြေပြသော်လည်း နားလည်မည်မဟုတ်ပေ။ မိမိဥာဏ် မမှီသေးသော အရာများ များစွာရှိနေနိုင်ပါသည်။ တစ်ချို့ကို ကိုယ်တိုင်လေ့လာရပါမည်။

နေ့နှစ်နာရီတွင် အခန်းအနားကို စတင်ပါသည်။ ပထမတွင် ငါးပါးသီလပေးပါသည်။ ဒုတိယအနေဖြင့် စာရေးသူက ဆယ်မိနစ်၊ တတိယအနေဖြင့် ဗောဓိဆုဆရာတော်ကတစ်ဆယ့်ငါးမိနစ် ဘာသာပြန်သည့် အချိန်ကိုပါ ပေါင်းပါကနာရီဝက်ကျော်ကြာပါသည်။ ရေစက်ချ အနုမောဒနာကို ပြည်တော်ဦးဆရာတော်မှမိနစ်လေးဆယ်ခန့် ဟောပြောပြီးလျှင် အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။ မြန်မာငါးဆယ်ခန့် ကိုရီးယား ဆယ်ဦးခန့် တက်ရောက်ကြပါသည်။ စာရေးသူကဖြစ်ချင်သောဆန္ဒကို ဘ၀နှင့်တစ်သားတည်းကြအောင် လက်တွေ့ဆောင်ရွက်ရန် တိုက်တွန်းပါသည်။ မည်သည့် ဆန္ဒဖြစ်စေကာမူ လက်တွေ့မဆောင်ရွက်ပါက စိတ်ကူးယဉ် ဖြစ်သွားပေမည်။ အသိမပါသော ဆန္ဒသည်လည်း မျက်ကမ်းသွားသည့် လမ်းပမာဖြစ်ပေမည်။ ၀ါဆို သင်္ကန်းကို ဆက်ကပ်ခြင်းသည် ဆန္ဒကြောင့်ဖြစ်ပေမည့် မှန်ကန်သော အကျိုးရစေရန်သည် အသိဥာဏ်သည် လိုအပ်လျှက်ရှိပါသည်။ အသိဥာဏ်ရရန် ကိုယ်တိုင်အားထုတ်ရပေမည်။ ကိုယ်ပိုင်အသိဥာဏ်အတွက် ကိုယ်ပိုင်ရှာဖွေတတ်ရန် ဟောပြရပါသည်။ ဗောဓိဆုဆရာတော်မှ ဘ၀တွင် ကိုယ်ပိုင်အချိန်ပေးပြီး ကိုယ်ပိုင်ဥစ္စာကိုရယူတတ်စေရန် တရားရှုမှတ် ခိုင်းပါသည်။ မြန်မာတစ်ချို့ ဦးခေါင်းငိုက်စိုက်လျှက် တရားကို စိတ်စိုက်နေသည်လား၊ ငိုက်နေသည်လားမကွဲပြား။ ဆရာတော်သည် မြန်မာများကို ကျေးဇူးတင်ကြောင်းလည်း ပြောပါသည်။ ငြိမ်နေသော ပရိတ်သတ်ကို ပြည်တော်ဦးဆရာတော်မှ မေးခွန်းမေးပြီးအိပ်ငိုက်ပြေစေခဲ့သည်။ သာသနာပြုကုသိုလ်ဟု တရားကိုအမည်ပေးခဲ့ပြီးယခုဝါဆို သင်္ကန်းကပ်ပွဲသည် သာသနာပြု ကုသိုလ်ကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟောပြပါသည်။ ထို့နောက် ဆရာ၊ဒကာ တာဝန်ကိုယ်စီကျေကြပါရန် သတိပေးခဲ့ပြီး တာဝန်များကိုလည်း ခွဲပြခဲ့ပါသည်။ လေးနာရီထိုးခါနီးတွင် ရေစက်ချပြီးအခမ်းအနားပြီးစီးခဲ့ပါသည်။ ပြည်တော်ဦးဆရာတော်ဦးစီးသည့် ၀ါဆိုသင်္ကန်း လှူဒါန်းဆက်ကပ်ပွဲသည် အများသူငါသာဓုခေါ်စရာပွဲ ဖြစ်ပေသည်။ ပါဝင်ဆောင်ရွက်ကြသူများ အားလုံးသည် မိမိတို့ဆောင်၇ွက်ကြသော ၀ါဆိုသင်္ကန်း ဆက်ကပ်ပွဲ အပေါ်တွင် အားရကျေနပ်သော အနေအထားတွင် ရှိနေကြသည်ဟု စာရေးသူက ခန့်မှန်းမိပါသည်။ စာရေးသူအနေဖြင့်မူ ဆရာဒကာ လက်တွဲညီညီ ဆောင်ရွက်နိုင်မှုအပေါ်တွင် အားရကျေနပ်ဖြစ်မိပါသည်။ နိုင်ငံရပ်ခြားတွင် ဤကဲ့သို့ ဆောင်ရွက်နိုင်ခြင်းသည် သာမန်အောင်မြင်မှုမျိုး မဟုတ်ပေ။ အဖက်ဖက်က ပြည့်စုံသဖြင့်သာလျှင်ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ သာသနာပြုကုသိုလ်ကို ဆည်းပူးကြသောဆရာဒကာတို့သည် တိုက်ပွဲတွင် အောင်မြင်ကြသော သာသနာ့ အာဇာနည်စစ်သည်ကောင်းများ ချည်းဖြစ်ပါသည်။ အလှူပေးခြင်းဖြင့်ဝန်တိုမှုကိုအောင်မြင်သည်။ လုပ်ငန်းများကို အစစတွင် သည်းခံဆောင်၇ွက်တတ်သဖြင့် ဒေါသကို အောင်မြင်ကြသည်။ သူတော် လက်နက်ဖြင့် မသူတော်တို့၏ ထုံးစံကို ချေဖျက်အောင်မြင်သည်။ မှန်ကန်သောသစ္စာပေါ်တွင် ရပ်တည်ကြသဖြင့် မဂ္ဂင်ယဉ်ကိုစီးမိကြသည်။ ပြည်တော်ဦးသည် နိဗ္ဗာန်သောင်ကမ်းဟုဆိုလေသော် နိဗ္ဗာန်ခရီးစဉ်ကိုစိတ်ဝင်စားကြသော သာသနာ့စစ်သည်များ၏ အောင်ပွဲသည် လက်တစ်ကမ်းတွင်သာရှိနေပေသည်ဟု ၀မ်းသာစကားကို ရေးသားရပါသည်။

ဒေါက်တာအရှင်နန္ဒကဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More