...ဘုရားလမ်းစဉ်
ခုဒ္ဒကနိကာယ်မှာ ဣတိဝုတ်ပါဠိ ဆိုတာရှိတယ်။ အဲဒီမှာ သုတ်တွေ အားလုံး '' ဝုတ္တဉှေတံ ဘဂဝတာ, ဝုတ္တမရဟတာတိ မေ သုတံ " – ဆိုတဲ့ ပါဠိနဲ. စပါတယ်။ သင်္ဂယနာတင်တဲ့အခါ အရှင်အာနန္ဒာ မထေရ်မြတ် လျှောက်ထားတဲ့ စကားအစဉ်ပေါ့။
“““ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။ ပူဇော် အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။”” လို. မြန်မာပြန်ပါတယ်။ အဲဒီမှာ ပြောချင်တာက ဘဂဝတာ နဲ. အရဟတာ ဆိုတဲ့ ပုဒ်နှစ်ခုပါ။ ပါဠိ ဘဂဝတာ-ကို ဘုန်းတော်ကြီးသော မြတ်စွာဘုရား~~~ အရဟတာ-ကို ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား~~~လို. ဘာသာပြန်ရာမှာ “““မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဘာ့ကြောင့် ဘုန်းတော်ကြီးရပါသလဲ။ ဘာ့ကြောင့် ပူဇော် အထူးကို ခံတော်မူထိုက်ပါသလဲ။””” ဆိုတဲ့
ို့...အကြောင်းတရားကို သိမယ်ဆိုရင် သြော်~ ~ ~ ““ရှင်တော်မြတ်ဘုရား ဒီလမ်းစဉ်ကို လိုက်ခဲ့လို.ဒီလို ဘုန်းတော်ကြီးပြီး ပူဇော် အထူးကို ခံတော်မူရတာပါလား”” ~ ~လို. ရှင်ချစ်မြတ်စွာ အလောင်းတော်ဘဝကစလို. သုံးလောကထွဋ်ထား ဘုရား ဖြစ်သည့်တိုင်အောင် လျှောက်လမ်းတော်မူခဲ့တဲ့ လမ်းစဉ်~ ဘုရားလမ်းစဉ်ကို ကြောင်းကျိုးဆက်စပ် နားလည်ကြည်နူး အထူးကျေနပ် အားရကြပါလိမ့်မယ်။
အဋ္ဌကထာဆရာမြတ် ရှင်းပြတဲ့ အကြောင်းရင်းများစွာကို အကုန်ပြောမပြနိုင်ပေမယ့် လိုရင်းနဲ. သိလွယ်တဲ့ အချက်တွေကို ပြောပြချင်ပါတယ်။ “““ဘဂဝတာ က မြတ်စွာဘုရားရှင်ရဲ. မဟာ ကရုဏာတော်ကို ပြပြီး အရဟတာ က ဉာဏ်ပညာတော်ကို ဖေါ်ပြနေပါတယ်။””” ဆိုရင်ပဲ ဒီနေရာမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီး အလောင်းတော်ဘဝကစလို. ပညာနဲ. ကရုဏာကို ဘယ်လို အသုံးချပြီး ဘယ်လမ်းကြောင်းက ကြွလာတော်မူခဲ့သလဲ ဆိုတဲ့ ဘုရားလမ်းစဉ်ပေါ်လွင်လာပါတော့တယ်။
“ပညာကြောင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာကြောင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။” ဆိုတာလည်း နားလည်ဖို. မခက်တော့ပါဘူး။ အလောင်းတော် သုမေဓာ ရှင်ရသေ့ဘဝပဲ ကြည့်ပါ။ ပညာကြီးလွန်းလို. သတ္တဝါတတွေ သံသရာထဲ တဝဲလည်လည် စုန်ဆန်မျှောပါ ဆင်းရဲနေကြရှာတာကို သိလွန်လွန်းလို.၊ “သတ္တဝါတွေ သံသရာ ဝဋ္ဋ်ဆင်းရဲက လွတ်မြောက်စေရမယ်ဟေ့” ဆိုတဲ့်မဟာကရုဏာတော် ကြီးနဲ. အားထုတ်တော်မူလိုက်တာလေ~ ~ ~ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း။ မဟာကရုဏာတော် အားအစွမ်းသာမရှိရင် ဒီပါရမီ ခရီးကြမ်းကို ဘယ်သူ ဘယ်လို လျှောက်ပါ့မယ်။ ကြံစည်ဖို. အသာထား အသံကြားရုံနဲ. ရွံရှားတုန်ဟီး ကြက်သီးထစရာအမှုကြီးပါ။ လေးအသင်္ချေနဲ. ကမ္ဘာတစ်သိန်း မဆိုထားပါနဲ. နှစ်တစ်ရာလောက်မှ ပြည့်အောင်မနေရတဲ့ ဒီတစ်ဘဝလေးမှာတောင် အလုပ်တစ်ခု အစပြုပြီး အဆုံးပေါက်အောင် မလျှောက်နိုင်ကြတဲ့သူက တစ်ရာမှာ ကိုးဆယ့်ကိုး ဒဿမ ကိုး မဟုတ်လား။
ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ကြံ့ကြံ့ခံတော်မူတယ်။ အသက်ကြီးလာတဲ့လူတွေ အပြောများတဲ့စကား “တစ်သက်လုံး လုပ်လိုက်ရတာ သေခါနီးတော့လည်း ကိုယ့်အတွက် ဘာမှမကျန်ပါလား” တဲ့။ ကိုရီးယားတွေလည်း အပြောများတယ်။ " 마지막에는 남은것 없어" တဲ့။ အလုပ် မဟုတ်တာတွေနဲ. အလုပ်ရှုပ်နေလို. တကယ့်အလုပ်ကို လုပ်ဖို. အချိန် မရှိဘူး။ တကယ်လုပ်ရမယ့် အလုပ် တကယ့် အလုပ်ကို သိတော့ နောက်ကျနေပြီ။ အချိန် မရှိဘူး။ “သေသာ သေသွား မအားကြဘူး”လို.ပဲ ဆိုကြပါစို.။ ပိုဆိုးတာက သေသာသေသွား ကိုယ့်ကိုယ်ကို ဘာမှန်း သိမသွားရှာဘူး။ ဘဝဇာတ်ရှုပ် ဇာတ်ထုတ် မဖြေခင် မရဏမင်း ကန်.လန်.ကာ ဝင်ချလို. သေခဲ့ရတဲ့ ဘဝတွေက ဘဝပေါင်းအသင်္ချေ၊၊ ဘယ်ကအစ ဘယ်မှာဆုံးမယ် လုံးလုံးမမြင်နိုင်တဲ့ ဘဝသံသရာလေ။ ဇာတ်ရည်မလည်တဲ့ တို.တတွေ ဘဝထဲမှာ ပျော်ပျော်နေ နေကြပေမယ့် ဇာတ်ရုပ်အမှန် တကယ်သိရင် ဉာဏ်ကြီးရှင် သံဝေဂနဲ. ဘယ်ပျော်ပါ့မလဲ။ ခွေးတွေ ဝက်တွေ မစင်စားပြီး ပျော်နေကြပေမယ့် တို. လူတွေ အဲဒါကို အားကျ ပျော်နိုင်ပါ့မလား။ ဒီလိုပါပဲ တို. ပုထုဇဉ်တွေ ကာမဘုံရဲ. မစင် ကာမဂုဏ်တွေ ခံစားပြီး လက်မထောင် ဂုဏ်မောက် အရူးဘုံမြှောက် ဖြစ်နေကြ ပေမယ့်လည်း အရိယာ သူတော်စင်တွေ နဲ. ဉာဏ်ကြီးရှင် သူတော်မြတ်တွေ တို.ငတ်သလို မငတ်ဘူး။ “ဒီအရူး ပုထုဇဉ်ဘဝကနေ မြန်မြန်ပျောက် သံသရာ အရူးထောင်ပေါက်က ဘယ်တော့မှများ ထွက်ရပါ့မလဲ” လို. အမြဲအားခဲနေကြသလို အလောင်းတော် အရှင်မြတ်လဲ ပညာကြီးသူမဟုတ်လား။ ဒီ သံသရာနှောင်အတွင်း ထောင်အကျဉ်းကျနေတဲ့ဘဝ အမှန်သိ အပြစ်မြင် ငြီးငွေ.လှ တွင်တွင်ပေါ.။ ထွက်ချင်လွတ်ချင်လှပါပြီပေါ့။ ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။
တကိုယ်တည်းသက်သက် တစ်ကိုယ်ကောင်း ကြံမယ်ဆိုရင် ထွက်နိုင်ပါတယ်။ သုမေဓာရှင်ရသေ့က အစစပြည့်စုံပြီသားပဲ။ သို.သော် သနားတော်မူလွန်းလို. တို. သတ္တဝါတွေ မိစ္ဆာဒိဋ္ဌိကြိုးနဲ. မလှုပ်နိုင်မယှက်နို်င် အတုတ်ခံထားရတဲ့အပြင် တဏှာရေအလျဉ်စီးကြောင်းတလျှောက် အားကိုးရာမဲ့ အညှာတာမဲ့ အမျှောချခံရလို. သံသရာပင်လယ်ဝဲသြဃမှာ နစ်မွန်းနေကြတာကို သနားတော်မူသဖြင့် လက်တကမ်း၌ လွယ်လင့်တကူ လှမ်းယူနိုင်သည့် နိဗ္ဗာန်ချမ်းသာကြီးကို လှမ်း၍မယူ သတ္တဝါတွေအတွက် စွန်.လွှတ်တော်မူ၍ ငါကဲ့သို.သော အားအစွမ်းရှိသော ယောင်္ကျားဇာနည် ဘာမထီပုဂ္ဂိုလ်ထူးသည် တစ်ယောက်တည်းသာ သံသရာက ထွက်မြောက်ရုံဖြင့် အဘယ်အကျိုးရှိအံ့နည်း။
ဆိုတဲ့ ရဲရဲတောက် သစ္စာအဓိဋ္ဌာန်ကြီးနဲ. (ကိုယ်တော်မြတ် တကိုယ်တည်းအတွက်ဆိုရင် ပညာဉာဏ် အမြင်ရင့် ငြီးငွေ.ချက် ပြင်းလှပါသဖြင့် အဆောတလျင် အခုပင် ထွက်ချင်လှပါသည့် သံသရာထဲမှာ) မဟာ ကရုဏာ အရင်းခံ၍ လေးအသင်္ချေ ကမ္ဘာတစ်သိန်းကြာအောင် ကြံ့ကြံ့ခံကာ ပါရမီဖြည့်တော်မူခဲ့ပါသည်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ကြံ့ကြံ့ခံတော်မူတယ်။
“ပညာဖြင့် မိမိကိုယ်ကို သံသရာ ဝဋ္ဋ်ဆင်းရဲမှ ကူးမြောက်စေ၍ ကရုဏာဖြင့် သူတပါးတို.အား ကူးမြောက်စေတယ်။ ” အလောင်းတော်မြတ် သံသရာခရီးကြမ်းကို ပန်းတိုင် အရောက် မမှောက်မမှား တိမ်းမသွားအောင် ပညာကြီးကြီးနဲ. လျှောက်လှမ်းတော်မူခဲ့တာ နောက်ဆုံးမတော့ သဗ္ဗညုတ ရွှေဉာဏ်တော်ပန်းပွင့်လန်း၍ သမ္မာသမ္ဗုဒ္ဓဘုရားဖြစ် ကိုယ်တိုင်ပဲ သံသရာဝဲသြဃမှ ကူးမြောက်နို်င်ခဲ့ပါတယ်။ သံသရာညွှန်အတွင်းမှာ နစ်မွန်း၍ပါနေစဉ် မဟာကရုဏာဖြင့် ပန်းတိုင်အရောက် မဖေါက်မပြန် ကြံ့ကြံ့ခံကာ မမောနိုင်မပန်းနိုင် ဖြည့်ဆည်းခဲ့သော ပါရမီအားအစွမ်းကြောင့် ဘုရားဖြစ်တော်မူသည့် အခါလည်း အများဝေနေယျတွေကို သံသရာ ဝဋ္ဋ်ဆင်းရဲက ကူးမြောက်စေနိုင်ခဲ့ပါတယ်။ အဲဒါကိုပဲ ~ ~ ~
“ပညာဖြင့် ဘုရားအဖြစ် ပြီးစီးတယ်။ ကရုဏာဖြင့် ဘုရားကိစ္စပြီးတယ်။” လို. ဆိုလိုပါတယ်။ ပညာကြောင့် အလောင်းတော်မြတ် ဗောဓိသတ်သည် ဘုရားအဖြစ်ကို ရရှိပြီးစီးတော်မူတယ်။ ကရုဏာကြောင့် ဘုရားကိစ္စ ဖြစ်တဲ့ သတ္တဝါတွေကို အမှန်သစ္စာသိအောင်သင်ပြ ဆင်းရဲမှန်သမျှ လွတ်အောင် ကယ်တင် ချေချွတ်တော်မူနိုင်ပါတယ်။
ခုဒ္ဒကနိကာယ ဣတိဝုတ္တကပါဠိ---------) အဋ္ဌကထာ နှာ-၁၃
ပညာယ သံသာရဒုက္ခနိဗ္ဗိဒါ, ကရုဏာယ သံသာရ ဒုက္ခသဟနံ;
ပညာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ငြီးငွေ.တယ်။ မဟာကရုဏာကြောင့် သံသရာ ဝဋ္ဋ်ဆင်းရဲကို ကြံ့ကြံ့ခံတော်မူတယ်။
ပညာယ ပရဒုက္ခပရိဇာနံ, ကရုဏာယ ပရဒုက္ခပ္ပဋ္ဋိကာရာရမ္ဘော။
“ပညာဖြင့် သူတပါးရဲ. ဒုက္ခကိုသိတယ်။ ကရုဏာဖြင့် သူတပါးရဲ. ဒုက္ခကို ပယ်ဖျောက်ဖို. အားထုတ်တယ်။”
ပညာယ သယံ တရဏံ, ကရုဏာယ ပရေသံ တာရဏံ။
“ပညာဖြင့် မိမိကိုယ်ကို သံသရာ ဝဋ္ဋ်ဆင်းရဲမှ ကူးမြောက်စေ၍ ကရုဏာဖြင့် သူတပါးတို.အား ကူးမြောက်စေတယ်။ ”
ပညာယ ဗုဒ္ဓဘာဝသိဒ္ဓိ, ကရုဏာယ ဗုဒ္ဓကိစ္စသိဒ္ဓိ;
“ပညာဖြင့် ဘုရားအဖြစ် ပြီးစီးတယ်။ ကရုဏာဖြင့် ဘုရားကိစ္စပြီးတယ်။”
ကရုဏာယ ဝါ ဗောဓိသတ္တဘူမိယံ သံသာရာဘိမုခဘာဝေါ, ပညာယ တတ္ထ အနဘိရတိ;
“ကရုဏာကြောင့် ဘုရားအလောင်းအဖြစ် သံသရာကိုရှေးရှုကျင်လည်နေရသော်ငြားလည်း၊ ပညာကြောင့် ထို ဘဝသံသရာ၌ ပျော်ပိုက်တော်မမူ။”
တထာ ကရူဏာယ ပရံ အဝိဟိံသနံ, ပညာယ သယံ ပရေသံ အဘာယနံ;
“ ကရုဏာကြောင့် သူတပါးကို ညှင်းဆဲတော်မမူ၊ ပညာကြောင့် ကိုယ်တော်တိုင်သည် သူတစ်ပါးတို.ကို (ဘယ်သူ.ကိုမျှ) မကြောက်။”
ကရုဏာယ ပရံ ရက္ခန္တော အတ္တာနံ ရက္ခတိ, ပညာယ အတ္တာနံ ရက္ခန္တော ပရံ ရက္ခတိ;
“ကရုဏာဖြင့်သူတပါးကို စောင့်ရှောက်ရင်း မိမိကိုယ်ကို စောင့်ရှောက်ရာရောက်၏။ ပညာဖြင့် မိမိကိုယ်ကို စောင့်ရှောက်ရင်း သူတပါးကို စောင့်ရှောက်ရာရောက်၏။ ”
တထာ ကရုဏာယ လောကနာထတာ, ပညာယ အတ္တနာထတာ;
“ကရုဏာကြောင့် လောက၏ ကိုးကွယ်ရာဖြစ်၍ ပညာကြောင့် မိမိကိုယ်ကို ကိုးကွယ်ရာဖြစ်၏။”
0 comments:
Post a Comment